စာအုပ်အညွှန်း - ရထားပေါ်က မိန်းကလေး
"စာအုပ်အညွှန်း"
ကိုရိုနာဂယက်နဲ့ မြို့မပတ်နိုင်တော့တဲ့ ကိုယ်တို့လူငယ်တွေ အိမ်ထဲမှာနေရင်းပဲ အတွေးတွေ တောင်ပံဖြန့်ကြည့်ကြရအောင်...။စာတစ်အုပ်၊ လဖက်သုတ်တစ်ပွဲ၊ အကြမ်းရည်တစ်ခွက်နဲ့လည်း ကမ္ဘာပတ်နိုင်ပါတယ်ဆို ယုံမလား...။
ဒီနေ့အတွက်တော့ ဆရာချမ်းမြေ့ဝင်း ဘာသာပြန်ထားတဲ့ "ရထားပေါ်က မိန်းကလေး" ( Paula Hawkins_ The Girl On The Train) ဆိုတဲ့ စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်...။
"လျှို့ဝှက်သည်းဖို"စာအုပ်မျိုး ဖြစ်တာကြောင့် မြှုပ်ကွက်ပေါင်းများစွာကြား အဖြေပေါင်းစုံထုတ်ကြည့်ရင်း ဦးနှောက်ကို အလုပ်ပေးကြည့်ကြမယ်...။
ဒီစာအုပ်က အချိန်၊နေရာ၊ခံယူချက်တွေ မတူညီကြတဲ့ မိန်းကလေးသုံးယောက်ရဲ့ နေရာကနေ ရေးသားထားတာ ဖြစ်ပါတယ်။
• အက်ရ်ှဗြူရီကနေ ယူစတန်ကိုသွားတဲ့ ခပ်နှေးနှေး ရထားအိုတစ်စင်းပေါ်က အရက်စွဲနေတဲ့ မိန်းမတစ်ယောက်ရယ်...
• ငြီးငွေ့စရာ အိမ်ထောင်သည်ဘဝမှာ ပျော်ရွှင်စရာတွေနဲ့သာ ရှင်သန်လိုပါတယ်ဆိုတဲ့ လောကမှာမပြည့်နိုင်ဆုံးဆုကို မျှော်လင့်နေတတ်တဲ့ မိန်းမတစ်ယောက်ရယ်...
• အပြောင်းအလဲတွေကိုသာ နှစ်သက်တဲ့ တစ်ဇာတ်လုံးနာမယ့် မိန်းမတစ်ယောက်ရယ်...
• စာအုပ်တစ်ဝက်ကျိုးအောင် ဖတ်ပြီးတဲ့အထိကို အဖြေထုတ်မရနိုင်တဲ့ ရှုပ်ထွေးမှုတွေ၊ ပြဿနာတွေရယ်...
တကယ်ကို စိတ်ဝင်စားဖို့ကောင်းမယ်ဆိုတာ အာမခံပါတယ်...။
မိန်းကလေးတွေရဲ့ ချစ်ခြင်းမေတ္တာတွေ၊ အစွဲအလမ်းကြီးပုံတွေ၊ ရှင်သန်ရပ်တည်မှုတွေ၊ ခံစားချက်တွေ၊ စိတ်နေစိတ်ထားတွေကို ပီပီပြင်ပြင် ဖော်ပြသွားနိုင်တဲ့ ယောက်ျားလေးစာရေးသူမို့ အံ့ဩဘနန်းလည်း ဖြစ်မိပါတယ်...။
ရက်စွဲ၊ အချိန်၊ နေရာတွေကလည်း အချိတ်အဆက်မိတဲ့အပြင် နိမိတ်ပြအသုံးအနှုန်းတွေနဲ့ သရုပ်ဖော်အရေးအသားတွေက ပီပြင်လှတာမို့ စာအုပ်ဖတ်နေရင်း စာဖတ်သူရဲ့ ပတ်ဝန်းကျင်ကတောင် ခပ်မှိုင်းမှိုင်းနဲ့ လေးလေးပင်ပင် ဖြစ်နေပါလိမ့်မယ်... ။
စာအုပ်တန်ဖိုးက (၅၀၀၀) ဖြစ်ပြီး စာမျက်နှာ (၃၇၅)မျက်နှာ ပါဝင်ပါတယ်။
ကိုင်ပြီးတာနဲ့ ပြန်မချချင်လောက်အောင် ဆွဲဆောင်နိုင်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်တာမို့ ဖတ်ကြည့်ဖို့ အကြံပြုတိုက်တွန်းလိုပါတယ်။
စာအုပ်အညွှန်းရေးသားသူ - မသက်သစ္စာလွင်
Comments
Post a Comment