စာအုပ်အညွှန်း - နန်းကျဘုရင်

"စာအုပ်အညွှန်း"

ဒီတခါ ညွှန်းပေးချင်တဲ့ စာအုပ်ကတော့ စာရေးဆရာမ Sudha Shah (ဆူဒါရှား) ရေးသားထားတဲ့ "The King in Exile" လို့အမည်ရတဲ့စာအုပ်ကို ဆရာဝင်းငြိမ်းက မြန်မာသာသာသို့ ပြန်ဆိုရေးသားထားတဲ့ "နန်းကျဘုရင်" ဆိုတဲ့စာအုပ်ပဲ ဖြစ်ပါတယ်ခင်ဗျာ။ ဒီစာအုပ်မှာဆိုရင် ဗမာပြည် သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်မှာ နောက်ဆုံးဘုရင်ဖြစ်တဲ့ သီပေါမင်းရဲ့ ပါတော်မူပြီးနောက်ပိုင်းဘဝ အကြောင်းကို အကျယ်တဝင့်ရေးသားထားပါတယ်။ 

အပိုင်းသုံးပိုင်းနဲ့ ရေးသားထားတာဖြစ်ပြီး "နန်းမကျမီ" ဆိုတဲ့ အပိုင်း (၁) မှာဆိုရင် စုဖုရားလတ်နဲ့ သီပေါတို့အကြား ဆက်ဆံရေး၊ နန်းမကျမီအချိန်ကာလ နန်းတွင်းရေးရာ အခြေအနေ အရှုပ်အထွေးများနဲ့ စစ်ဘက်ရေးရာ သဘောထားကွဲလွဲမှုများ၊ စစ်ရှုံးပြီးနောက် နန်းတွင်း အခြေအနေများကို စိတ်ဝင်စားစရာကောင်းလောက်အောင် တွေ့ရမှာဖြစ်ပါတယ်။ ဒီအပိုင်းကတော့ ကျနော်ဖတ်ရတာ အရသာအတွေ့ဆုံးနဲ့ စိတ်ကို ဆွဲဆောင်လွှမ်းမိုးနိုင်စွမ်း အရှိဆုံးအပိုင်းလို့ ပြောရပါမယ်။

"ပါတော်မူပြီးဘဝ" နဲ့ "ပြည်တော်ပြန်ပြီးနောက်" ဆိုတဲ့
အပိုင်း (၂) နဲ့ (၃) ကတော့ ဒီစာအုပ်ရဲ့ အသက်ပါပဲ။ အိန္ဒိယပြည်ကို ပါတော်မူပြီးတဲ့နောက်မှာ ဗြိတိသျှအစိုးရကပေးတဲ့ နန်းကျဘုရင်တပါးရဲ့ ရပိုင်ခွင့်တွေ အကျိုးခံစားရမှုတွေနဲ့ အတန်အသင့် နေထိုင်နိုင်ပေမယ့် သီပေါမင်းနဲ့ သူ့မိသားစုတွေရဲ့ အလွယ်တကူ ဖျောက်ဖျက်လို့ မရနိုင်တဲ့ နန်းဟန်နန်းပန်တွေ၊ အလှူအတန်း အပေးအကမ်းရက်ရောမှုတွေကြောင့် အခက်အခဲပေါင်းစုံတွေ့ကြရတာကို ဝမ်းနည်းစရာ၊ စိတ်ညစ်ညူးစရာကောင်းလောက်အောင် တွေ့ရပါတယ်။ ပြီးတဲ့အခါ အရွယ်ရောက်လာပြီဖြစ်တဲ့ သမီးတော်တွေရဲ့ အိမ်ထောင်ရေးရာ အခြေအနေပေါင်းစုံနဲ့ သားသမီးနဲ့ မိဘတွေအကြား သဘောထားတွေ၊ သီပေါမင်း နတ်ရွာစံပြီး‌နောက်ပိုင်း အခြေအနေအရပ်ရပ်နဲ့ ပြည်တော်ပြန်လာတဲ့အခါမှာလည်း ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုပါ ပြည့်ပြည့်စုံစုံ တွေ့နိုင်ပါတယ်။ 

မူရင်း စာရေးဆရာမ ဆူဒါရှားဟာ ဒီအကြောင်းတွေကို အခုလိုပြည့်စုံမှန်ကန်စွာရေးသားနိုင်ဖို့အတွက် (၇) နှစ်ကျော် (၈) နှစ်ခန့် အချိန်ယူလေ့လာခဲ့ရတယ်လို့လည်း သိရပါတယ်။ စာအုပ်တန်ဖိုး (၄၀၀၀) ကျပ်ဖြစ်ပြီး စာမျက်နှာ (၃၉၃) မျက်နှာ ပါဝင်ပါတယ်။ စာအုပ်နောက်ဆုံးပိုင်းမှာလည်း ဓာတ်ပုံများနဲ့တကွ ဝေဝေဆာဆာရေးသားတင်ပြထားတာတွေ့ရတဲ့အတွက် အပေါ်မှာ ပြောပြထားတဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားတယ်ဆိုရင် လက်မလွတ်တမ်း ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတအုပ်ပဲ ဖြစ်ပါတယ်ခင်ဗျာ။

စာအုပ်အညွှန်းရေးသားသူ - Teddy

Comments

Popular posts from this blog

စာအုပ်အညွှန်း - ရထားပေါ်က မိန်းကလေး

စာအုပ်အညွှန်း - အရှေ့တံခါးအဝင်

စာအုပ်အညွှန်း - ညီမလေးကအချစ်ကို ကိုးကွယ်သတဲ့လား