စာအုပ်အညွှန်း - ၁၉၇၄ ဦးသန့်အရေးအခင်း တိုက်ပွဲဝင်သူများ၏ သမိုင်းဝင်မှတ်တမ်း
"စာအုပ်အညွှန်း"
ဒီနေ့အတွက် စာအုပ်အညွှန်းကဏ္ဍမှာ ဓာတ်ပုံ ထိန်ဝင်း စီစဉ်ပြီး ဗမာအမျိုးသမီး ပုံနှိပ်တိုက်က ပုံနှိပ်ထုတ်ဝေတဲ့ " ၁၉၇၄ ဦးသန့်အရေးအခင်း တိုက်ပွဲဝင်သူများ၏ သမိုင်းဝင်မှတ်တမ်း " ဆိုတဲ့စာအုပ်နဲ့ မိတ်ဆက်ပေးပါ့မယ်။ စာမျက်နှာပေါင်း ၃၄၃ မျက်နှာ ပါဝင်ပြီးတော့ တန်ဖိုးကတော့ ၅၅၀၀ ကျပ်ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာတော့ ၁၉၆၁ ခုနှစ်ကစ ၁၉၇၁ ခုနှစ်ထိ ၁၀နှစ်ကြာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာနိုင်ငံသား ဦးသန့်အကြောင်းနဲ့ ဦးသန့်ရဲ့ စျာပနအခမ်းအနားကို စစ်အစိုးရက ပြီးစလွယ် ဆောင်ရွက်ရာမှ ကျောင်းသားတွေရဲ့ ဦးဆောင်မှုနဲ့ ဖြစ်ပေါ်လာတဲ့ ဦးသန့်အရေးအခင်းအကြောင်းကို အရေးအခင်းမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ ကျောင်းသားတွေရဲ့ အတွေ့အကြုံတွေနဲ့ စုံလင်အောင် ဖော်ပြထားပါတယ်။ မည်သူမဆို ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်လေးတစ်အုပ် ဖြစ်ပါတယ်။ ကဲ အမြည်းလေးတော့ တင်ပေးမယ်ဗျာ . . . . . ။
- ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်၊ ဦးသန့်ရုပ်ကလာပ် မြန်မာနိုင်ငံ ကြံတောသင်္ချိုင်းသို့ ပို့ဆောင်သင်္ဂြိုလ်မည်ဟု ပြည်သူလူထုကို ကြေညာခဲ့ပါသည်။
နိုင်ငံတော်စျာပနအဖြစ် တခမ်းတနား ဂုဏ်ပြုသင်္ဂြိုလ်လိမ့်မည်ဟု ယူဆနေသည့် ပြည်သူလူထုသည် နေဝင်းအစိုးရ၏ လျစ်လျူရှုခြင်း၊ ဦးသန့်ဂုဏ်သိက္ခာ ကိုမှမထောက် လုပ်ရက်လေခြင်းရယ်လို့ ပြည်သူကြားဝယ် တစ်ဆင့်စကား ပျံ့နှံ့ပြီး မကျေနပ်၊ ဝမ်းနည်းဒေါသများ ပေါက်ကွဲစေခဲ့ပါသည်။
- စျာပနအခမ်းအနားနေရာသို့ ကျွန်တော်တို့ စက်မှုတက္ကသိုလ်ကျောင်းသားများသည် ရရာဒေါ့ဂျစ်ကားများကို ငှားပြီး ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်စုရပ်သို့ သွားရောက် ကြပါသည်။ ကျွန်တော်တို့ ဒေါ့ဂျစ်ကားများ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် နယ်မြေကိုဝင်သည်နှင့် အလျင်ရောက်နှင့် နေသည့် တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားများက လက်ခုပ်သံတဖြောင်းဖြောင်းနှင့် ကြိုဆိုမှုက ကျွန်တော်တို့ ရင်ထဲတွင် တစ်မျိုးတစ်မည်ခံစားရပါသည်။
နေဝင်းဦးဆောင်သော စစ်အစိုးရသည် ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်တွင် မြန်မာပြည်လွတ်လပ်ရေးမော်ကွန်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို ဗုံးခွဲဖျက်ဆီးပြီး ရာပေါင်းများစွာသော ကျောင်းသားစုစည်းမှုကို လက်နက်အားကိုးဖြင့် သတ်ဖြတ်ချိုးနှိမ်ခဲ့သည့် ၁၂ နှစ်ကျော်ကာလ ဤနေ့ ဒီဇင်ဘာ ၅ ရက်တွင် ပထမဦးဆုံး ထောင်ပေါင်းများစွာသောကျောင်းသားများ ပြန်လည်သွေးစည်း ညီညွတ်စုရုံးမိကြခြင်း ဖြစ်ပါသည်။
- ကျိုက်က္ကဆံကွင်းတွင်း၌ ကျောင်းသားထု၏ "ငြိမ်းချမ်းရေးဖခင်ကြီးဦးသန့်အတွက် ဂူဗိမာန်ရရှိရေး၊ ဒို့အရေး၊ ဒို့အရေး" ဟူသည့်အသံကားပြန့်လွင့်လျက် . . . . .
ဖတ်ပြီးသလောက်ကို အကျဉ်းချုံးတင်ပြပေးခြင်းသာ ဖြစ်ပါတယ်။ ဒီစာအုပ်ကတော့ မြန်မာ့ကျောင်းသားထု၏ တက်ကြွမှု၊ ပြည်သူတို့၏ ပူးပေါင်းမှုတို့အား ရှုထောင့်စုံမှ တင်ပြထားသော စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ခေါင်းစဉ်ပေါင်း ၂၀ နီးပါးပါဝင်ပါတယ်။ ပါဝင်ခဲ့တဲ့ကျောင်းသားတွေရဲ့ ကိုယ်တွေ့အတွေ့အကြုံတွေကို ရေးသားထားတဲ့ အတွက်ကြောင့် အဲ့ဒီခေတ်အခါက ကျောင်းသားတွေရဲ့ စစ်အစိုးရအပေါ် မုန်းတီးကြောင်းထင်ဟပ်စေတဲ့ အရေးအသားတွေကိုလည်း တွေ့ရမှာပါ။ "၁၉၇၄ ဦးသန့်အရေးအခင်း တိုက်ပွဲဝင်သူများ၏ သမိုင်းဝင်မှတ်တမ်း" စာအုပ်ကို ဖတ်ကြဖို့ တိုက်တွန်းရင်း . . . .။
စာအုပ်အညွှန်းရေးသားသူ - ကိုကောင်းထက်
Comments
Post a Comment