စာအုပ်အညွှန်း - ဘာလဲဟဲ့ လူ့ငရဲ
"စာအုပ်အညွှန်း"
အားလုံးပဲ မင်္ဂလာပါ။
ဒီတခါ ညွှန်းပေးမယ့် စာအုပ်ကတော့ ဟံသာဝတီဦးဝင်းတင်ရဲ့ "ဘာလဲဟဲ့ လူ့ငရဲ" ဆိုတဲ့ စာအုပ်ပဲဖြစ်ပါတယ်။
သံမဏိလူသား လို့ တင်စားပြောဆိုကြတဲ့ ဟံသာဝတီဦးဝင်းတင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ "လူတွေဖန်တီးထားတဲ့ လူ့ငရဲ" လို့ သတ်မှတ်ရလောက်အောင် ဆိုးရွားလှတဲ့ ထောင်တွင်းဖြတ်သန်းမှု နေ့ရက်တွေ၊ သူ့ရဲ့ သံမဏိလို မာကြောတဲ့ စိတ်ဓာတ်၊ လေးစားထိုက်တဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေ၊ ပြီးတော့ ထောင်နံရံဖောက်ထွက်လာတဲ့ ကဗျာအချို့ကို ဒီစာအုပ်မှာတွေ့ရမှာပါ။
စာအုပ်ထဲမှာပါဝင်တဲ့ ထောင်တွင်းနေထိုင်ခဲ့ရစဉ် ရေးစပ်ခဲ့သော "ကျားရဲ ငါ" ဆိုတဲ့ ကဗျာတစ်ပုဒ်ကို ဖော်ပြပေးပါ့မယ်။
"ကျားရဲ ငါ"
နေပြင်းရင် နှင်းမှုန်ရင်
ဆွေ့ဆွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း။
အခန်းကျဉ်းကျဉ်း
အလင်းမဝင် လေမဝင်
နေမမြင် လမမြင်
လူမမြင် သူမမြင်
ထိုင်ရင်ထိုင် မထိုင်ရင်ငေး
အိပ်ရင်အိပ် မအိပ်ရင်တွေး။
သတင်မေးဖို့ ဝေးရော
သီချင်းလေးမှ မဆိုရ
စာဖတ်ဖို့ ဝေးရော
ကဗျာလေးမှ မစပ်ရ
တရားဟောဖို့ ဝေးရော
စကားလေးမှ မပြောရ
အဟောသိကံ သံသရာ
ငါ့ကမ္ဘာ ပိစိကွေး
အခန်းကျဉ်းလေး ပတ်လျှောက်လိုက်
သံတံခါးဝ ရပ်လိုက်
တမတ်တပ်တပ် တနေကုန်။
မနေ့ကလည်း တနေကုန်
ဒီနေ့လည်း တနေကုန်
မနက်ဖြန်လည်း ကုန်ဦးမယ်
ကုန် ကုန် ကုန်
ကုန်ချင်သလောက် ကုန်စမ်း
တစ်ရက်ကုန်မလား တစ်သက်ကုန်မလား
တစ်လကုန်မလား တစ်ဘဝကုန်မလား
တစ်နှစ်ကုန်မလား တစ်ခေတ်ကုန်မလား။
အားမလျှော့ဘူး မပျော့ဘူး
ပေဖြစ်တော့ခံမယ် တူဖြစ်တော့ နှံမယ်။
အမှန်တရား ဒို့ဘက်မှာရှိတယ်
ပြည်သူအများ ဒို့ဘက်မှာရှိတယ်
ကလယန္တရား ဒို့ဘက်မှာရှိတယ်
ရှင်တော်ဘုရား ဒို့ဘက်မှာရှိတယ်
သိကွရဲ့လား ဟား ဟား ဟား ဟား။
တိရစ္ဆာန်ရုံက ကျားလို
လှောင်အိမ်ထဲမှာ တလွန့်လွန့်နဲ့
ကျားညွန့်တုန်းတွေ ထင်သလား။
မှားလိုက်တဲ့ အမြင်
ဟားတိုက်လို့ ရယ်ချင်စရာ။
မှတ်ထားဟေ့
အဝါပေါ်မှာ အနက်စင်း
မပျက်မယွင်း ကွက်ကွက်ကွင်း
အရှင်းသား မလွဲသရွေ့
အထင်းသား စွဲသရွေ့
ကျားရဲဟာ ကျားရဲ
ငါလည်း အဲဒီလိုပဲကွဟေ့။
- ဟံသာဝတီ ဦးဝင်တင်
ဒီကဗျာမှာ ဟံသာဝတီဦးဝင်းတင်ရဲ့ မြဲမြံခိုင်မာလှတဲ့ သံမဏိစိတ်ဓာတ်ကို အထင်းသားတွေ့မြင်နိုင်ပြီး ဟန်ပါပါ
မာန်ပါပါနဲ့ ရသမြောက်တဲ့ ကဗျာတပုဒ်ပါပဲ ခင်ဗျာ။ တခြား စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေ များစွာလည်းပါဝင်တဲ့
ဒီစာအုပ်ဟာဆိုရင် တန်ဖိုး ၄၀၀၀ ကျပ် ဖြစ်ပြီး စာမျက်နှာ ၃၄၃ မျက်နှာ ပါဝင်ပါတယ်ဗျ။
စာအုပ်အညွှန်းရေးသားသူ - Teddy
Comments
Post a Comment