စာအုပ်အညွှန်း - အရှေ့တံခါးအဝင်
"စာအုပ်အညွှန်း"
အားလုံးပဲမင်္ဂလာပါ
ဒီတခါ မိတ်ဆက်ပေးချင်တဲ့ စာအုပ်ကတော့ ဆရာမ ပုညခင်ရဲ့
" အရှေ့တံခါးအဝင် " ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။
အဲ့ဒီစာအုပ်ဟာဆိုရင်ဖြင့် ဟိုတယ်၊ နိုက်ကလပ်၊ လမ်းဘေးစတဲ့ အမှောင်လောကမှာ ရှင်သန်နေရတဲ့ မိန်းကလေးတွေရဲ့အကြောင်းကို ရေးသားပုံဖော်ပြသထားတဲ့ ဝတ္ထုရှည်တစ်ပုဒ်ဖြစ်လို့ ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် ဂရုဏာသက်စရာလည်း ကောင်းလှပါတယ်။
ဒုက္ခရောက်နေချိန် ကူညီမလိုလိုနဲ့ အမြတ်ထုတ်သွားတဲ့ အမဝမ်းကွဲဖြစ်သူကြောင့် အမှောင်လောကထဲကို မရောက်ချင်ဘဲရောက်သွားရတဲ့ ပြည့်တန်ဆာမလေးရွှေကြာ။ ရွှေကြာကိုတော့ သူ့ရဲ့ညီမနှစ်ယောက်ကို သူ့လိုပြည့်တန်ဆာဖြစ်မှာကြောက်လို့ လမ်းမမှားအောင် ပြုစုပျိုးထောင်ပေးနေတဲ့ အမတစ်ယောက်၊ မိမိကဲ့သို့ ထိုလောကထဲမှရုန်းထွက်မရဖြစ်နေသော ဘ၀တူမိန်းကလေးတွေကို အတတ်နိုင်ဆုံးကူညီပေးနေတဲ့ သူငယ်ချင်းကောင်းတစ်ယောက် အဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်။
တစ်နေ့မှာဘ၀တူပြည့်တန်ဆာမလေးတစ်ယောက်ကိုကူညီရင်း သတိုးသိုက်ဆိုတဲ့ ကောင်းလေးတစ်ယောက်နဲ့ အမှတ်မထင်ဆုံမိခဲ့တယ်။ သတိုးသိုက်ရဲ့ချစ်သူ စံထားညိုဟာ ရွှေကြာအရမ်းကို လေးစားအားကျတဲ့ မန်နေဂျာတစ်ယောက်ပေါ့။ သတိုးသိုက်ကိုချစ်မိသွားရာကနေ ဖြစ်ပေါ်လာတဲ့ သိမ်ငယ်မှုကြောင့် မိမိအလုပ်မှ ရုန်းထွက်လိုမှုတွေပေါက်ဖွားလာခဲ့ပါတယ်။
အဲ့လိုနဲ့တစ်နေ့မှာ သူ့အလုပ်အကြောင်းကို သူ့အမေနဲ့ သူ့ညီမနှစ်ယောက်သိရှိသွားကြပါတယ်။ အဲ့ဒီလိုသိသွားတဲ့အခါမှာ သူ့အပေါ်ကိုဘယ်လိုတုန့်ပြန်ကြမလဲ။ သတိုးသိုက်ကရော သူ့အလုပ်အကြောင်းသိသွားတဲ့အခါ သူ့ကိုနားလည်ပေးပါ့မလား။ စံထားညိုကရော သူ့ကို သူ့ချစ်သူရဲ့ သူငယ်ချင်းတစ်ယောက်အဖြစ် လက်ခံနိုင်ပါ့မလား။ ပြည့်တန်ဆာတွေ၀င်ခွင့်မရှိတဲ့ သူအလုပ်လုပ်ရာ ဟိုတယ်ရဲ့ အရှေ့တံခါးကနေ တစ်နေ့၀င်နိုင်ရမယ် ဆိုတဲ့ သူရဲ့ဆန္ဒကရော ပြည့်ပါ့မလား။ ဒီအမှောင်ထဲကနေရော သူရုန်းထွက်နိုင်ပါ့မလားဆိုတာတော့ ပုညခင်စာအုပ်တိုက်ကနေ ထုတ်ဝေတဲ့ ဆရာမပုညခင်ရဲ့ အရှေ့တံခါးအ၀င် ဆိုတဲ့ စာအုပ်လေးကို၀ယ်ယူဖတ်ရှုပြီး သိရှိနိုင်ပါတယ်ရှင်။
အတန်းပညာကို ဆုံးခန်းတိုင်အောင်မသင်ခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ဘ၀ဖြတ်သန်းပုံ၊ မဖြစ်ချင်သော်လည်း အခြေအနေအကြောင်းကြောင်းကြောင့် မိန်းကလေးတစ်ချို့ ပြည့်တန်ဆာဘ၀ရောက်၍ ပြန်ရုန်းထွက်မရပုံ၊ သာမန်ယောက်ျားလေးတစ်ယောက်ကို ဖြူစင်တဲ့မေတ္တာတွေနဲ့ ချစ်မိခဲ့ပေမယ့် မဖြူစင်တဲ့မိမိဘ၀ကြောင့် ကြေကွဲရပုံတို့ကို ရင်နင့်စရာကောင်းလောက်အောင် ဖတ်ရှုရမယ့် ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။
လူ့ဘ၀ဇာတ်ခုံပေါ်တွင် ကပြနေရသည့် ဇာတ်၀င်ခန်းတစ်ခုကို ပီပြင်စွာ သရုပ်ဖော်ထားသည့်အတွက် ဗဟုသုတများစွာ ရရှိမှာအမှန်ပါပဲ။ အမှောင်လောကမှ မိန်းကလေးတစ်ရဲ့ ဘ၀ဖြတ်သန်းပုံ၊ ခံစားချက်၊ နာကျည်းချက်၊ မျှော်လင့်ချက်၊ မဖြူစင်တဲ့ဘ၀ကြောင့် ဖြူစင်တဲ့ နှလုံးသားမှအချစ်တို့ မျက်နှာငယ်ရကြောင်း ဂရုဏာသက်စရာ ရေးဖွဲ့ထားတဲ့အတွက် မလွတ်တမ်း ဖတ်ရှုသင့်တဲ့ စာအုပ်ပဲဖြစ်ပါတယ်။
စာမျက်နှာ (၃၃၁) မျက်နှာပါ၀င်ပြီး တန်ဖိုးကတော့ (၄၀၀၀) ကျပ် ဖြစ်ပါတယ်။ ဒီစာအုပ်ကို ပုညခင်စာအုပ်တိုက်အပြင် အခြားစာအုပ်တိုက်၊ စာပေများတွင်လည်း၀ယ်ယူ၍ရသလို Online book shop များမှာလည်းမှာယူနိုင်ပါတယ်။ အရမ်းကောင်းပြီး ဗဟုသုတတွေပြည့်၀စွာပါဝင်နေတဲ့ စာအုပ်လေးမလို့ လက်လွတ်မခံပါသင့်ပါဘူးနော်။
" ပြည့်တန်ဆာများသည်လည်း တစ်ချိန်က ဖြူစင်အပြစ်ကင်းသော ကလေးသူငယ်များ ဖြစ်ခဲ့ကြသည်... "
~ ပုညခင်
စာအုပ်အညွှန်းရေးသားသူ - မပန်းဆုဝေ
Comments
Post a Comment