အရူးမှာ အတွင်းခံတထည် ရှိစရာမလို
"အရူးမှာ အတွင်းခံတစ်ထည် ရှိစရာမလို"
အရူးမှာ ဘယ်သူစွန့်ကြဲခဲ့မှန်းမသိတဲ့ ပုဆိုးတစ်ထည်ရှိတယ်။ အကောင်းတော့မဟုတ်ဘူးပေါ့။ အလယ်က ဟက်တက်ကွဲနေတဲ့ နံငယ်ပိုင်းသာသာလေး။ ဘယ်ကတတ်လာတယ်တော့မသိ အဲ့ဒီ့နံငယ်ပိုင်းကိုပဲ အရူးက တောင်ရှည်လိုဝတ်တယ်။ အရူးက သူ့ဝတ်လဲတော်ကို အတွင်းပြင် အထက်အောက် မကြာမကြာလှည့်ဝတ်တယ်။ အဲ့လို လှည့်ဝတ်တဲ့အခါ အရူးပစ္စည်းဟာ ငေါက်တောက်ပဲ။ အရူးမှာ အတွင်းခံမှ မရှိဘဲကိုး။ အရူးက အတွင်းခံ ဝတ်ဖို့ရောလိုသလား။ ဘယ်သူမှ အရူးကို တကူးတကလိုက်ကြည့်မနေတဲ့အတွက် အရူးငေါက်တောက်ဖြစ်ရခြင်းဟာ ပြသနာတော့မဟုတ်။ အရူးက လည်တယ်၊ သူစောက်မြင်ကပ်နေတဲ့ သူတွေရှေ့ရောက်တိုင်း သူ့နံငယ်ပိုင်းကို ဖြန့်ဖြန့်ဝတ်တယ်။ အရူးငေါက်တောက်ဖြစ်တာ မဆန်းသမို့ ဒီငေါက်တောက်ဟာ ငါ့ကိုစော်ကားတာလို့ ဘယ်သူမှမတွေးကြ။ အရူးဟာ လူချစ်လူခင်တော့ အပေါသား။ လူကောင်းတွေသာ ငတ်ချင်ငတ်နေမယ် အရူးမငတ်။ ရှိတဲ့သူ ကျွေးလိမ့်မပေါ့၊ အရူးက ချေးမများ။ တခါတခါ ခွေးတွေကိုတောင် ပြန်စွန့်ကြဲနိုင်တဲ့အထိ အရူးဟာ လျှံတယ်။ အရူးဟာ ဆေးပေါ့လိပ်လည်း ကြိုက်သေးတယ်။ ကုန်စုံဆိုင်ဟာ သူ့ရဲ့ ဆေးလိပ်ဒါယိကာပေါ့။ ဒါပေမယ့် အရူးဟာ မီးခြစ်တော့ မခြစ်တတ်။ သူခံတွင်းချဉ်လာရင် ဆိုင်ရှေ့သွား သို့မဟုတ် မီးခြစ်ရှိတဲ့သူရှာပြီး သူ့ဆေးလိပ်တိုကို မီးညှိခိုင်းတော့တာပဲ။ မီးခြစ် ခြစ်ပေးတဲ့သူအရံသင့်နဲ့ ဆေးပေါ့လိပ်ခဲထားတဲ့အခါ မာဖီးယားတွေတောင် အရူးလောက်မခံ့ညား။ အိပ်ချင်လာတဲ့အခါ မီးကင်းတက်ခွေရုံ။ အရူးဘဝနဲ့ အရူး အရူးမှာ အပိုအလိုမရှိ အံဝင်ခွင်ကျ။ နေ့တဒူဝ မပူရတဲ့ အရူးမှာ စည်းစိမ်ဆိုလို့ သူ့နံငယ်ပိုင်းသာရှိတယ်။ ပေးလည်း အရူးက သိမ်းထားရမှန်းမသိတော့ ဘယ်သူမှ ဘာပစ္စည်းမှမပေး။ အရူးဟာ သူ့နံငယ်ပိုင်းကို လှည့်ပတ်ဝတ်မြဲ။ သူ့ပစ္စည်းဟာ အရင်တိုင်း ငေါက်တောက်ဖြစ်မြဲ။ တနေ့ လူတစ်ယောက်က ဆတ်ဆတ်ဆော့ဆော့ အရူးကို အတွင်းခံတစ်ထည်ပေးသွားတယ်။ အဲ့ဒီ့နေ့ကစပြီး အရူးမှာ အလုပ်တစ်ခုပိုလာတာပဲ။ သူအမြင်ကပ်တဲ့လူတွေရှေ့ရောက်ရင် အရင်လို ပုဆိုးဖြန့်ဝတ်ရုံနဲ့ မရတော့။ အတွင်းခံကိုပါ လှန်လှန်ပြနေရတယ်။ မနက်က ငါလမ်းပေါ်ရောက်တော့ အရူးရဲ့အလောင်းဟာ အေးစက်နေပြီ။ အရူးဟာ သူ့နံငယ်ပိုင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ အတွင်းခံကတော့ သူ့ကိုယ်ပေါ်မရှိတော့။ သေချာကြည့်ရင် အညိုအမည်းစွဲဒဏ်ရာတွေ၊ ဖိနပ်ရာတွေတွေ့ရမှာ။ ဒီထက်ပိုစေ့စေ့စပ်စပ်ကြည့်ရင် ဒီထက် အတွင်းကျတဲ့ ဒဏ်ရာတွေ တွေ့ကောင်းတွေ့မှာ၊ ဒါပေမယ့် ငါမကြည့်မိတော့။ အရူးအတွက်တော့ ငါစိတ်မကောင်း။ ဒါပေမယ့် အရူးမို့ ငါအပါအဝင် ဘယ်သူမှ ကြီးတော်နွား ဝင်ကျောင်းမနေကြတော့။ တီးတိုး ပြောကြတာတွေတော့ ရှိသပေါ့။ ဒီနေ့ အရူးသေတယ်၊ ဒီနေ့ပဲ အရူးကို အရပ်က ဝိုင်းပြီးမြေချပေးလိုက်တယ်။ အရူးမှာ စောင့်စရာ ဆွေမျိုးမှ မရှိဘဲ။ သူကျွေးမွေးခဲ့တဲ့ လမ်းဘေးခွေးတွေကတော့ အရူးစာပနမှာ တအီအီ အော်မြည်လို့၊ သူတို့ကတော့ အရူးကို သတိရရှာမှာ။
#ချိုလိမ်
Comments
Post a Comment