ပွေး
"ပွေး"
ပွေးပေါက်ဖူးသလား။ မပျော်ခြောက်လ ပျော်ခြောက်နှစ်လို့ ပြောကြတဲ့ဟာပေါ့။ ပျော်မပျော်သိရအောင် ခြောက်လလောက်တော့ မွေးစမ်းကြည့်စေချင်တယ်။ အဖုကလေးကစတာပေါ့။ မင်းရဲ့ ဆီးစပ်မှာ၊ ပေါင်ကြားမှာ၊ ဖင်ယားတဲ့အခါ အဲ့ဒါပွေးကိုက်တာ။ အဖုကလေးကနေ သွေးစုပ်ဖုတ်ကောင်ကိုက်ခံရသလို အကွင်းကြီးတွေဖြစ်လာ၊ တစ်ခုနဲ့တစ်ခုဆက်သွားတော့ မင်းမှာ အရေပြားတစ်လွှာပိုလာသလိုပေါ့။ မင်းရဲ့ ဖင်မှာ၊ ပေါင်မှာ၊ ဆီးစပ်မှာ ချွေးထွက်တဲ့အခါ ပွေးတွေယားလာ။ ကုတ်သလောက်ယားတဲ့ အမျိုး၊ ကုတ်နေရတာကိုက အရသာ၊ ကုတ်လိုက်တိုင်းလည်းပွါးလာ။ ပျောက်သလိုဖြစ်လိုက် ပေါ်လာလိုက် ပွေးဟာ မိန်းမတွေလို သိပ်မာယာများတယ်။ လူသိသွားမှာ မင်းရှက်နေလိမ့်မယ်။ လူတွေသိရင် မင်းကို ပွေးကျော်လို့ခေါ်ကြမှာ။ ဒီလိုနဲ့ အနေအထိုင်သိမ်မွေ့လာ။ မင်းစော်နဲ့ အမှတ်တရနေ့လေးတွေမှ မင်းဟာ စိတ်ထလည်း သိပ်မယွနိုင်ရှာပေါ့။ အရေပြားဆေးရုံသာ သွား။ မင်းကို မှိုသတ်ဆေးတွေ သောက်ခိုင်းမှာ။ လူပျိုမှိုတက်စကားက အဲ့ဒီ့ကစတာ။ ပြီးတော့ ဖန်ရေစိမ်ခိုင်းမယ်။ ဖင်၊ ပေါင်နဲ့ ဆီးစပ်ဆိုတော့ မင်းဟာ သန်းခေါင်ကျော်လည်း မအိပ်နိုင်ရှာ။ မြွေနှစ်ကောင်ထည့်ပါ။ တမာရွက်ပြုတ်ရေနဲ့ချိုးပါ။ ကြက်သွန်နီလှီးပွတ် အဲ့ဒါ ပွေးသိပ်နိုင်တာ။ ဆေးမြီးတိုတွေ မကုန်ဆုံးနိုင် တစ်ယောက်တစ်ပေါက် မင်းကြားရမှာ။ သူတို့ပြောကြမှာက "ဟိုလူလည်း ဒီနည်းနဲ့ပျောက်တာ"။ ဒီ ရောဂါမှာ ကာယကံရှင်တွေတော့ထွက်မလာ။ ပွေးပေါက်ဖူးသလား။ ပေါက်ခဲ့ရင် ခြောက်လလောက်တော့ မွေးစမ်းကြည့်စေချင်တာ။
#ချိုလိမ်
Comments
Post a Comment