မုဆိုးလော သားကောင်လော

"မုဆိုးလော.....သားကောင်လော......"

လက်ကြားလေးထဲထည့် နှုတ်ခမ်းလေးနဲ့ဖိ
မီးလေးမြှိုက်လို့ ခန္ဓာရဲ့အတွင်းပိုင်းထိငါရှူရှိုက်
ဒီလိုနဲ့ ငါကိုယ်ငါမုဆိုးလို့ ထင်ခဲ့ရ။

သားကောင်ဟာ လောင်ကျွမ်းပြာကျပြီး
သူ့ရဲ့ဝိညာဥ်ဟာ ငါ့ရဲ့ အဆုတ်ထဲမှာ။

ငါကမုဆိုးလား သားကောင်လားမသဲကွဲ
သေချာတာတစ်ခုက ငါကပြန်စားသုံးခံရတာပဲ။

မောလာတယ် အသက်ရှူတွေကျပ်လာတယ်
ဒါလည်း ငါ့ကိုယ်ငါ သားကောင်လို့ မမြင်သေးဘူး။

ငါဟာ သားကောင်ကိုမစားရရင်မနေနိုင်ခဲ့
(မဟုတ်သေးဘူး)
သားကောင်က ငါ့ကိုမစားရရင်မနေနိုင်ခဲ့။

အရွက်ခြောက်ကလေးတွေကိုမီးမမြှိုက်ရရင်
လက်တွေတုန်လာတယ် ဒေါသတွေထွက်လာတယ်
အာခေါင်တွေခြောက်ကပ်လာတယ်။

အဲ့ဒါတောင်
ငါဟာ သားကောင်ဖြစ်မှန်း
သားကောင်ဟာ မုဆိုးဖြစ်နေမှန်း ငါမသိသေးဘူး

သေချာတာတစ်ခုက ငါဟာ 
သားကောင်ရဲ့စားသုံးမှုကိုခံရတဲ့ မုဆိုး

#နွေဦး

Comments

Popular posts from this blog

စာအုပ်အညွှန်း - ရထားပေါ်က မိန်းကလေး

စာအုပ်အညွှန်း - အရှေ့တံခါးအဝင်

စာအုပ်အညွှန်း - ညီမလေးကအချစ်ကို ကိုးကွယ်သတဲ့လား